Fusion Reactor တွေကနေ Dark Matter တွေကို ဖန်တီးပေးနိုင်မလား?
Dark Matter (ဒြပ်မှောင်) ဆိုတာ သိပ္ပံလောကရဲ့ အကြီးမားဆုံး ပုစ္ဆာတစ်ပုဒ်ပါ။

Fusion Reactor တွေကနေ Dark Matter တွေကို ဖန်တီးပေးနိုင်မလား? ⚛️🤔
Dark Matter (ဒြပ်မှောင်) ဆိုတာ သိပ္ပံလောကရဲ့ အကြီးမားဆုံး ပုစ္ဆာတစ်ပုဒ်ပါ။ စကြာဝဠာတစ်ခုလုံးရဲ့ ၈၄% က ဒီ Dark Matter တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ကျန်တဲ့ ၁၆% လောက်ကိုပဲ ကျွန်တော်တို့ မြင်နေရတာပါ ။ ဒါပေမဲ့ ဒီအရာက ဘာလဲဆိုတာ ဘယ်သူမှ သေချာမသိကြသေးပါဘူး။
အခုနောက်ဆုံးထွက်လာတဲ့ သုတေသနတစ်ခုအရ အနာဂတ်ရဲ့ စွမ်းအင်လို့တင်စားကြတဲ့ Fusion Reactor (နျူကလီးယား ပေါင်းစည်းမှု ဓာတ်ပေါင်းဖို) တွေက ဒီပုစ္ဆာကို ဖြေရှင်းပေးနိုင်မယ့် သဲလွန်စဖြစ်လာနိုင်ပါတယ်!
ပုံမှန်အားဖြင့် Fusion Reactor တွေဟာ နေလုံးကြီးတွေထဲက ဖြစ်စဉ်အတိုင်း အက်တမ်တွေကို ပေါင်းစည်းပြီး စွမ်းအင်ထုတ်ဖို့ ကြိုးစားကြတာပါ။
သိပ္ပံပညာရှင်တွေက တွက်ချက်မှုတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။ Reactor ထဲမှာ ပလာစမာ (Plasma) တွေ လည်ပတ်နေတဲ့အခါ စွမ်းအင်မြင့် နျူထရွန် (High-energy neutrons) တွေ အများကြီး ထွက်လာပါတယ်။ ဒီနျူထရွန်တွေက Reactor နံရံမှာရှိတဲ့ လီသီယမ် (Lithium) အလွှာကြီး (Breeding Blanket လို့ခေါ်) ကို သွားပြီး ရိုက်ခတ်မိကြတယ်။ အဲ့ဒီလို ရိုက်ခတ်မိတဲ့အခါ Axion လို့ခေါ်တဲ့ Dark Matter အမှုန်လေးတွေ ထွက်လာနိုင်တယ်လို့ ဆိုပါတယ်!
The Big Bang Theory နဲ့ ဘာဆိုင်လဲ?
စိတ်ဝင်စားဖို့ကောင်းတာက ဒီအိုင်ဒီယာကို နာမည်ကျော် TV Show "The Big Bang Theory" ထဲက Sheldon Cooper တို့လည်း ဆွေးနွေးခဲ့ဖူးပါတယ် ။ ဒါပေမဲ့ ဇာတ်လမ်းထဲမှာ သူတို့က Axion တွေကို ပလာစမာ (Plasma) ထဲကနေ ရှာဖို့ စဉ်းစားခဲ့ကြတာပါ။ တကယ့်လက်တွေ့မှာတော့ ပလာစမာကနေ ထွက်တဲ့ပမာဏက အရမ်းနည်းလွန်းလို့ ရှာမတွေ့နိုင်ပါဘူး ။ အခု ပညာရှင်တွေတွေ့ရှိထားတာက ပလာစမာမဟုတ်ဘဲ "နံရံကို ရိုက်ခတ်တဲ့ဖြစ်စဉ်" ကနေမှ ပိုများပြားတဲ့ ပမာဏကို တွေ့နိုင်မှာပါ ။
ဒါဟာ လက်ရှိမှာ သီအိုရီအရ တွက်ချက်မှု (Mathematical Analysis) အဆင့်ပဲ ရှိပါသေးတယ်။ Journal of High Energy Physics မှာ တရားဝင် ဖော်ပြထားတဲ့ လေ့လာမှုတစ်ခုဖြစ်ပါတယ် ။ တကယ်တမ်း လက်တွေ့စမ်းသပ်မှုတွေ လုပ်ဖို့လိုပါသေးတယ်။
fusion reactor တွေဟာ သန့်ရှင်းတဲ့ စွမ်းအင် (Clean Energy) ထုတ်ပေးနိုင်ရုံတင်မကဘဲ၊ စကြာဝဠာရဲ့ လျှို့ဝှက်ချက်ဖြစ်တဲ့ Dark Matter ကိုပါ ရှာဖွေပေးနိုင်မယ့် နေရာတွေ ဖြစ်လာနိုင်ပါတယ် ။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပါပဲ!
သတင်းရင်းမြစ် (News Source): ScienceAlert မူရင်းသုတေသနစာတမ်း: Journal of High Energy Physics (Jure Zupan နှင့် အဖွဲ့၊ University of Cincinnati)